တောင်ငူ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ငူ မေ ၁၇

​ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှု သုတေသနဖွံ့ဖြိုးရေး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခရိုင်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စားသုံးသူများ၏ စားဝတ်နေရေးကိစ္စများအား ဖြေရှင်းရာတွင် စားသုံးသူများ အခွင့်အရေး မဆုံးရှုံးရအောင် ယခုအသိပညာပေးဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာဗဟုသုတများကို အားလုံးသိရှိအောင် ပြန်လည်မျှဝေးပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနအကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများ (၈)ချက်၊ စားသုံးသူများ လိုက်နာရမည့်တာဝန်များ (၄)ချက် စသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး စားသုံးသူ‌ရေးရာနှင့် စပ်လျဉ်း၍ ‌ ဆောင်ရန်၊ ရှောင်ရန်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ထို့​ပြင်  စားသုံးသူများ၏ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်နစ်နာမှုများ ကြုံလာရပါက တိုင်ကြားနိုင်ရန် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ရုံးချုပ်တွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း နံပါတ် ၀၆၇-၃၄၃၀၄၆၈ ၊ ၀၆၇-၃၄၃၀၁၄၉  သို့ ဖြစ်စေ၊ Online မှ တစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ မေးမြန်းတိုင်ကြားနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)