နတ်တလင်း မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဒေါ်သန်းသန်းကြူမှ မြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် အများဆုံး လယ် ၁၀ ဧကအထိ အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေး ပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျိတ်တောကြီးကျေးရွာအုပ်စုမှ တောင်သူ (၁၅) ဦးအား တစ်ဧကလျင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ဧက (၁၂၁) ဧကတွက် ကျပ်တစ်ရာရှစ်ဆယ်တစ်သိန်းငါးသောင်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၂ ခုနှစ် မေလမှ စက်တင်ဘာလကုန်အထိ ကာလသတ်မှတ်၍ ထုတ်ချေးပေးသွား မည်ဖြစ်ပြီး တစ်မြို့နယ်လုံးငွေချေးရန် လျာထားငွေကျပ်သန်း (၇၂၆၁.၅) လျာထားကြောင်း မြို့နယ်မန်နေဂျာ ဒေါ်သန်းသန်းကြူ ထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)