ဖျာပုံမြို့၌ ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး

ဖျာပုံ မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ဖျာပုံပေါ်ဆန်း​မွှေးစပါးကို အဓိက စိုက်ပျိုးလျက်ရှိသောဒေသဖြစ်ရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေပြီးသူ​ တောင်သူများအား ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် စတင်ထုတ်ချေးပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦးအောင်သောင်းက မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေဆပ်ကြရန်နှင့် ကြွေးကျန်တောင်သူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သို့ ပေးသွင်းရန် ကျန်ရှိနေသော စိုက်ပျိုးစရိတ်ချေးငွေများအား ပြေကြေပေးဆပ်ကြရန် တောင်သူများအား ဆွေးနွေးပြောကြားပြီး၊ ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေပြီးသူ ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာမှ တောင်သူ (၉)ဦးအား ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် အများဆုံးတစ်ဦးလျှင် (၁၀)ဧကအထိ ထုတ်ချေးပေးမှာဖြစ်ပြီး၊ ချောင်းတွင်းကျေးရွာမှ တောင်သူ (၉)ဦး၊ လယ်မြေ(၆၆)ဧကအတွက် ငွေကျပ် (၉၉)သိန်းအား စတင်ထုတ်ချေးပေးလျက်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)