ကန့်ဘလူ မေ ၁၇
စစ်ကိုင်းတိုက်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်ကွက် ဧက ၄၀ လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ယခင်ကမိမိတို့၏ ယာမြေများတွင် ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်း စျေးရရှိသည့် ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်နိုင်ရေး စိတ်ပါဝင်စားလာကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံများကို ပိုးမွှား ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကင်းထောက်မှတ်တမ်းယူခြင်း၊ တောင်သူများ ကုန်ကျစရိတ် သက်သာပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး၊ သီးနှံအရည်အသွေး ကောင်းမွန်ရေးအတွက် သဘာဝပိုးတားဆေး၊ ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပညာပေးခြင်းနှင့် ဓာတုဆေးများ လျော့ချသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ယခုဘဏ္ဍာနှစ်အတွင်း စက်မှုကုန်ကြမ်းသီးနှံ ချည်မျှင်ရှည်ဝါ လျာထားချက် ပြည့်မီအောင်စိုက် ပျိုးသွားဖို့ စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေကို လိုအပ်တဲ့ ညွှန်ကြားမှုတွေ လုပ်ဆောင် စီစဉ်ပေးထားပြီး ဖြစ်သလို တောင်သူများအနေနဲ့ ဝါသီးနှံစိုက်ပျိုးတဲ့အချိန်မှာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ လိုက်နာကျင့်သုံးပြီး သီးနှံမျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြခြင်း၊ ဝါသီးနှံမျိုးစေ့ထုတ်လုပ်နည်း ပညာများရရှိ လုပ်ဆောင်နိုင်ခြင်း၊ အရည်အသွေးကောင်းမွန်တဲ့ သီးနှံတွေအထွက်နှုန်းကောင်းဖို့ ပူးပေါင်း လုပ်ဆောင်နည်းပညာများ ပေးသွားမှာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစံအောင်ကပြောကြားသည်။
ကန့်ဘလူမြို့နယ်အတွင်း စက်မှုသီးနှံကုန်ကြမ်းဖြစ်သော ချည်မျှင်ရှည်ဝါသီးနှံအား (၁၅၂) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာအုပ်စု (၂၂) အုပ်စု၌ ရွှေတောင်( ၁၀)မျိုး ၁၇၉ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)