ဒေးဒရဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနက ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ (Grade-8) သင်ရိုးသစ်ကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ရေးနှင့် သင်ကြားနည်းစနစ်များ အရည်အသွေးကောင်းမွန်စေရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဦးက ကောင်းမွန်သော စနစ်သစ်ပညာရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြများမှ သင်ကြားပေးသည့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားမှုများကို နားလည်သဘောပေါက် တတ်မြောက်စေရေး သင်ကြားကြရရန် လိုအပ်ကြောင်း၊ သို့မှာသာ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို ကောင်းမွန်စွာ သင်ကြားပို့ချနိုင်မည် ဖြစ်သည့်အတွက် ဂရုတစိုက် သင်ကြားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး လက်ထောက်မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်ထူးက သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းကို ဗဟိုပညာရေး၊ သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတွင် တက်ရောက်ခဲ့ကြသော ဆရာ၊ ဆရာမ (၂)ဦး ကြီးကြပ်မှုဖြင့် တိုင်းအဆင့် နည်းပြသင်တန်းတွင် တက်ရောက်ခဲ့ကြသော ဆရာ၊ ဆရာမ (၄၂)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဘာသာရပ်သင် ဆရာ၊ ဆရာမ (၇၂၀)ဦး တက်ရောက်လေ့လာသင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် မေလ (၁၆)ရက်မှ မေလ (၁၈)ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း