မြောက်ဦးမြို့၌ (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇေနိယ ပွဲတော်တွင် ပြိုင်လောင်း (လှေလှော်)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

မြောက်ဦး မေ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရ ဘုရားစေတီ၊ ပုထိုးများဖြစ်သော (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဗုဒ္ဓပူဇေနိယပွဲတော်တွင် ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က အောင်တပ်ရပ်ကွက် ပြိုင်လောင်း(လှေလှော်) မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲသို့ တက်ရောက်လာကြသော ရှေ့တန်းအမှတ် (၅၅) ခြေလျင်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှုးချုပ် ဇော်မျိုးဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး  ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သျှစ်သောင်းဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများတို့ လာရောက်အားပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက်  ရခိုင်ရိုးရာပြိုင်လောင်း (လှေလှော်)ပြိုင်ပွဲ ဗိုလ်လုပွဲတွင်  ၁၂ လံ လှေလှော်အသင်းများ ဖြစ်သော ဆူးရာဇ်ချောင်းကျေးရွာအသင်းနှင့် အောင်တပ်အသင်းတို့ ယဉ်ပြိုင်ကြရာ ပထမဆု ၂၅ သိန်းကို ဆူးရာဇ်ချောင်းကျေးရွာအသင်း မှလည်းကောင်း  ၈ လံ လှေလှော် အသင်းများဖြစ်သော ဆူးရာဇ်ချောင်းကျေးရွာအသင်းနှင့် ပြွန်တိုကျေးရွာအသင်းတို့ ယဉ်ပြိုင်ကြရာ ဆူရာဇ်ချောင်း ကျေးရွာအသင်းမှ ပထမဆု ၂၂ သိန်း ကို အနိုင်ရရှိခဲ့သည်၊၊ ၆ လံ လှေလှော်အသင်းများဖြစ်သော ဒိုင်းကျီ (က) အသင်းနှင့် ဒိုင်းကျီ(ခ) တို့ယဉ်ပြိုင်ကြရာ ပထမ ဆု ၂၀သိန်း ကို ဒိုင်းကျီ(က) အသင်း မှ အနိုင်ရရှိခဲ့ပြီး လှေလှော်ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ရှေ့တန်းအမှတ် (၅၅) ခြေလျင် တပ်မဌာနချုပ်မှ တပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)