ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပေါက်ခေါင်းမြို့ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

ပေါက်ခေါင်း မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးသိန်းအောင် ဦးဆောင်၍ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည်          ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဖွဲ့ဝင်များသည် အ-ထ-က(ပေါက်ခေါင်း)တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော စက်ဘီးစတန်းနှင့်(၂၀၀' × ၂") အဝီဇိတွင်းနှင့် စင်မြင့်ရေစင်ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းလက်တွေ့သင်ကြားနေမှု၊ စမ်းကလေး‌ကျေးရွာနေ မွေးမြူရေးလုပ်ငန်းရှင်ဒေါ်ဂျာဆိုင်း၏ ဝက်နှင့်အသားစားကြက်မွေးမြူရေးခြံနှင့် ဝက်တိုးမြောက်စုကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဝက်တိုး‌မြောက်စု ကန်တူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဆည်မြောင်းဦးစီးဌာနမှ တောင်နဝင်း PK-1 မြောင်းအဖျားပိုင်း ကုန်းမြင့်နေရာတွင် ဆိုလာပန့်ရေတင်စနစ်ဖြင့်စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းမြေဩဇာကြဲပက်ပွဲသို့ တက်ရောက်ကြည့် ရှု အားပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)