စစ်ကိုင်း မေ ၁၇
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်ရေးရာအသိ ပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားကာ ဇေယျာရပ်ကွက်နေ ဦးမောင်မောင်လွင်၊ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)က ယနေ့အိုင်တီခေတ်မှာ လူငယ်အများစုဟာ နည်းပညာများနောက် လိုက်ပါဆောင်ရွက်နေကြတာကို တွေ့မြင်ရကြောင်း၊ နည်းပညာများဟာ မိမိတို့အတွက် ယူတက်လျှင်ပညာရပြီး မယူတက်ပါက အချိန်ကုန်၊ ငွေကုန်ဖြစ်ကာ အကျိုးသက်ရောက်မှုများ ဆုံးရှုံးနိုင်မည်ဖြစ်ကြောင်း၊ စာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုခြင်းဖြင့် မိမိတို့ရဲ့ဘဝတက်လမ်းများ ရရှိနိုင်ပြီး ပြင်ပဗဟုသုတများစွာ ရရှိလာကာ မိမိတို့ရည်မှန်းချက်၊ မျှော်လင့်ချက်များ ရရှိလာမှာဖြစ်ကြောင်း စသည်ဖြင့် လူငယ်ရေးရာ အသိပညာများကို ဆက်လက်၍ ဦးဆောင် ဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိနိုင်စေရန် စာအုပ်များငှားရမ်းခြင်း၊ Talk Show များ ကျင်းပဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်