လွိုင်ကော် မေ ၁၃
၂၀၂၂ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သံလွင်အောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်မာမာအေးက မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွား အသင်းဥက္ကဋ္ဌမှ ပေးပို့သော အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ သဝဏ်လွှာအား ဖတ်ကြားပြီး လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှ အထက်တန်းသူနာပြုက လက်ဆေးခြင်းအကြောင်း သရုပ်ပြသည်။
ဆက်လက်၍ သူနာပြုသင်တန်းသားတစ်ဦးမှ အပြည်ပြည်ဆိုင်ရာသူနာပြုနေ့ ဖြစ်ပေါ်လာပုံနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ လူနာနှင့် လူနာစောင့်များအား အာဟာရ ကြက်သား ဆန်ပြုတ်/ကြက်ဥများ ကျွေးမွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသံလွင်အောင်၊ ကယားပြည်နယ်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (သူနာပြု) လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ်ရုံ/သူနာပြုဆရာမ ကြီးငယ်များ၊ သူနာပြု သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သူနာပြု သင်တန်းသူ/သားများ တက်ရောက်ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)