မယ်စဲ့ဒေသထွက် ကြက်သွန်ဖြူများ နုတ်သိမ်းချိန် ဈေးကောင်းရရှိ

မယ်စဲ့  မေ  ၁၃

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ဒေသတွင်း အားထားစိုက်ပျိုးသည့် ကြက်သွန်ဖြူများ ဈေးကောင်း ရရှိသောကြောင့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေကြကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူများမှသိရသည်။

မယ်စဲ့မြို့နယ်တွင် မယ်စဲ့၊ ဝမ်ကန်၊ နမ့်မန်း၊ ဟိုစဲ့ကျေးရွာတို့တွင် လယ်မြေများ၌ ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူကို နှစ်စဉ်စိုက်ပျိုးလာရာ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဒေသထွက်ကြက်သွန်ဖြူကို ကြိုက်နှစ်သက်သည့်အတွက် စီးပွားဖြစ် တွင်ကျယ်စွာ စိုက်ပျိုးလာကြသည်၊

ကြက်သွန်ဖြူကို မိုးစပါးရီတ်သိမ်းပြီးချိန် ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ဧပြီလတွင် နုတ်သိမ်းသည်။ စိုက်ပျိုးချိန်တွင် ကြက်သွန်စိုက်ပျိုးသူများကို နေ့စားခအဖြစ် ကြက်သွန် အမွှာအကြီး၊ အသေးပေါ်မူတည်၍ တစ်ပုံးလျှင်စိုက်ခ ကျပ် ၆၀၀၀ မှ ကျပ် ၈၀၀၀ ထိ ပေးရသည်။ အပင်ကောင်းစေရန်နှင့် ဥကြီးစေရန် စိုက်ပျိုးပြီး တစ်လကျော်တွင် ပေါင်းလိုက်ပေးရသည်။ ကြက်သွန်ဖြူစိုက်ပျိုးပြီးချိန်မှ မနုတ်သိမ်းမီ အချိန်အထိ တောင်သူများအနေဖြင့် မြက်သတ်ဆေး၊ ပိုးသတ်ဆေးနှင့် မြေဩဇာတို့ကို သုံးစွဲပေးရသဖြင့် စိုက်ပျိုးစရိတ်၊ ဆေးဖိုးများအပြင် နုတ်သိမ်းချိန်တွင်လည်း ကြက်သွန်ဖြူနုတ်ခများ စသည့် ကုန်ကျစရိတ်များ ရှိကြောင်းသိရသည်။

ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် မယ်စဲ့ဘီပီ-၁၃ နယ်စပ်ဂိတ်ကို ပိတ်ထားသည့်အတွက် ထိုင်းနိုင်ငံမှ လာရောက်ဝယ်ယူမှု မရှိသောကြောင့် ကြက်သွန်ဖြူဈေးကွက် ကျဆင်းကာ ကြက်သွန်ဖြူအစို တစ်ကီလို ကျပ် ၂၀၀ နှင့် အခြောက်တစ်ကီလို ကျပ် ၅၀၀ ဖြင့်သာ ရောင်းရသဖြင့် တောင်သူများအရှုံးပေါ်ကြသည်။

ယခုနှစ်ကြက်သွန်ဖြူ စတင်ထွက်ရှိချိန်တွင် အစို တစ်ကီလိုကို မြန်မာငွေ ကျပ် ၅၀၀ ၊ ထိုင်းငွေ ၈ ဘတ်ဖြင့် စတင်ဝယ်ယူကြရာ ယခုအခါ ကြက်သွန်ဖြူ အခြောက် တစ်ကီလိုကို မြန်မာငွေကျပ် ၂၆၀၀၊ ထိုင်းငွေ ၄၅ ဘတ်ထိ ဈေးရပြီး ဒေသထွက်ကြက်သွန်ဖြူကို တောင်သူများမှ မြေဩဇာအနည်းငယ်သာ သုံးသည့်အတွက် ထိုင်းနိုင်ငံက ကြိုက်နှစ်သက်သဖြင့် လာရောက် ဝယ်ယူမှု များပြားသောကြောင့် ဈေးကောင်းရရှိပြီး တောင်သူများ အဆင်ပြေကြကြောင်း သိရသည်။

စောဝတ်ရည်