ပေါင် စက်တင်ဘာ ၄
နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်တိုင်းရင်းသားတို့၏ ရှေ့ကျသော ရိုးရာဓလေ့ပွဲတော် တစ်ခု ဖြစ်သည့် ရွှေအိုးငွေအိုး မြှပ်နှံလှူဒါန်းပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် အတွင်းရှိ မွန် ဘုန်းတော်ကြီးကျောင်းများ၌ အကျဉ်းချုံး လှူဒါန်းပူဇော်ခဲ့ကြသည်။
ဗုဒ္ဓ၏တရားတော်နှင့်အညီ နောင်သံသရာတွင် ကောင်းကျိုးချမ်းသာ ခံစားရရှိလိုခြင်း၊ မိမိတို့၏ လုပ်အားဖြင့် ရရှိသော သန့်ရှင်းသည့်ဝတ္ထုပစ္စည်းများကို ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်လူမျိုးများ နေထိုင်ရာ ဒေသများရှိ ဘုန်းတော်ကြီးများတွင် ရွှေအိုးငွေအိုးသဏ္ဍာန် အိုးများပြုလုပ်ထားရှိပြီး လှူဒါန်းလိုသော လှူဖွယ်ပစ္စည်းများအား အိုးအတွင်းထည့်ကာ လှူဒါန်း ပူဇော် သည့်ဓလေ့ တစ်ခုဖြစ်ကြောင်း သိရသည်။
“မွန်အဘိုးအဖွားများက ရှေးယခင်ကတည်းက ပြုလုပ်ပူဇော်ခဲ့ကြသည့် ဓလေ့တစ်ခုပါ။ ဗုဒ္ဓစာပေထဲမှာဆိုရင် မွန်လူမျိုးဆိုပြီး စတင်ပေါ်ပေါက်လာကတည်းက လုပ်လာတဲ့ ဓလေ့တစ်လို့ ယူဆကြပါတယ်။” ဟု ကဒုံစီးတိုက်ကျောင်းဆရာတော် ဦးပညာသာမိမှ မိန့်ကြားသည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်းအနည်း ငယ်ကသာ အကျဉ်းချုံ ပြုလုပ်လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်သည်။
ရွှေအိုးငွေအိုထဲတွင် သစ်သီးများ၊ ဆန်၊ ဆီ၊ ဆား၊ မုန့်ပဲသရေစာ၊ စာရေးကိရိယာနှင့် ငွေသားများအစရှိသည့် လှူဖွယ် ပစ္စည်း များကို မိမိတက်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြပြီး နှစ်စဉ် ဝါခေါင် လပြည့် နေ့ရောက်ရှိတိုင်း မွန်တိုင်းရင်းသားများ နေထိုင်ရာ ဒေသအသီးသီး၌ ပြုလုပ်ပူဇော်ကြသည်။
ကိုဟိန်း(ပေါင်)