မော်လိုက် မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဂရန်အင်းများ (ပထမအကြိမ်) လေလံတင်ရောင်းချပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သီဟဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ငါးလုပ်ငန်းဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ကျေးလက်နေ ရေလုပ်သားများရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း မပျောက်ပျက်ရေးအတွက် ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းက အလွန်အရေးပါပြီး ငါးသယံဇာတ ပေါကြွယ်ဝမှသာ ရေလုပ်သားများ၏ မိသားစုဝင်ငွေ ကောင်းမွန်ပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးမှ မြို့နယ်ဖွံ့ဖြိုးပြီး နိုင်ငံလည်းဖွံ့ဖြိုးမှာဖြစ်တဲ့အတွက် ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ ဖြစ်သော မိုးရာသီကာလ ငါးရစ်တက်သော ငါးများနှင့် ငါးသားပေါက်ငယ်လေးများကို ဖမ်းဆီးမှု မပြုလုပ်ရန်၊ ငါးသယံဇာတပြုန်းတီးစေသော တရားမဝင် ငါးဖမ်းကိရိယာများ၊ ဘတ္ထရီရှော့တိုက် ခြင်းများ၊ ငါး/ပုဇွန်အဆိပ်ချခြင်းများကို ရှောင်ကျဉ်ပြီး ငါးဖမ်းရာသီ ကုန်ဆုံးချိန်တွင် ငါးမျိုးချန်လှပ် မွေးမြူကြရန် တိုက်တွန်းလိုပါကြောင်း၊ ဂရန်အင်းများအား လေလံဆွဲဝယ်သူများအနေဖြင့်လည်း ငါးလုပ်ငန်းဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ဉပဒေနှင့်အညီ ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း” ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝေဝေက အငှားဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ တမူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မိုးလွင်က အင်းလေလံ စည်းကမ်းချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အင်းသူကြီးများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မော်လိုက်ခရိုင်၏ ဂရန်အင်းများ(ပထမအကြိမ်) လေလံတင် ရောင်းချပွဲတွင် မော်လိုက်မြို့နယ်အတွက် ကက္ကူအင်းနှင့် အင်းမအင်းကိုလည်းကောင်း၊ ဖောင်းပြင် မြို့နယ်အတွက် ဟဲလှော်အင်း၊ နန်းမော်လိုက်အင်းနှင့် သာစည်အင်းတို့ကိုလည်းကောင်း လေလံတင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး