ကျောက်ကြီး မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ဦးဆောင်ပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း တက်ရောက်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းရီက ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ယနေ့အချိန်အထိ ကျောက်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်ကူပြုအခြေခံစက်ချုပ်သင်တန်း(၁၅)ကြိမ်၊ သိုးမွှေးထိုးသင်တန်း(၂)ကြိမ်၊ ဆပ်ပြာချက်လုပ်သင်တန်း(၄)ကြိမ်၊ အိမ်တွင်းမှုဖန်စီသင်တန်း(၁)ကြိမ်၊ စိုက်ပျိုးရေး/ မွေးမြူရေးသင်တန်း(၄)ကြိမ် ဖွင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ဒေသတွေမှာနေထိုင်တဲ့ အမျိုးသား၊ အမျိုးသမီးငယ်လေးများ ကိုယ်ပိုင်ဝင်ငွေရရှိပြီး မိသားစုနှင့်အိုးမကွာအိမ်မကွာ နေထိုင်နိုင်ဖို့ဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲမှုလျှော့ချနိုင်ဖို့ အမျိုးသမီးငယ်၊ အမျိုးသားငယ်လေးများ လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေချိန်မှာ မိမိတို့ဌာနမှသင်ပေးလိုက်သည့် ပညာရပ်တွေနဲ့ အလုပ်အကိုင်များရရှိဖို့ ရည်ရွယ်ကြောင်းပြောကြားပြီး သင်တန်းဆရာမဒေါ်ခင်ယွန်းစံက သင်တန်းတွင်သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၂) သင်တန်းအား မေလ ၁၁ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိ သင်တန်းချိန် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ သင်တန်းသူ (၂၅)ဦးဖြင့် တစ်လတိတိ ဘာသာရပ်(၉)မျိုးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသည့် သင်တန်းသူများအား သင်တန်းကြေးနှင့်သင်ထောက်ကူပစ္စည်းများပါ အားလုံးအခမဲ့ဖြစ်ပြီး သင်တန်းသူများအား ဝတ်စုံတစ်စုံစီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးက သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအား ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးကဲများနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။
မြို့နယ်ပြန်/ဆက်