၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား မြန်အောင်၌ကျင်းပ

မြန်အောင် မေ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့၌  ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမ ပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြန်အောင်မြို့ မုံရွာကျောင်းတိုက် သာသနာ့ဗိမာန် ဓမ္မာရုံတွင် ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက မြို့နယ်သံဃနာယက ဆရာတော်များနှင့်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ မြန်အောင်မြို့နယ်စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူကြသော ရဟန်းကိုရင် ပထမလတ်တန်း(၁)ပါး၊ ပထမငယ်တန်း (၄)ပါး၊ အခြေပြု မူလတန်း(၁၀)ပါး နှင့်စာအောင်သီလရှင် ပထမငယ်တန်း(၂)ပါး၊ အခြေပြု မူလတန်း (၁၀)ပါးတို့အား စာအောင်လက်မှတ်နှင့်ဂုဏ်ပြုဆုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌနှင့်ဆရာတော်ကြီးများ၊ စာအောင် သာမဏေများ၊ သီလရှင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်