ကန့်ဘလူ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော သရက်နှင့်နဂါးမောက်သီးနှံ စိုက်ပျိုးသူတောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို အဆိုပါရုံးအစည်းအဝေးခန်းမ၌ မေ ၁၁ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က GAP အသိအမှတ်ပြုလက်မှတ်ပေး အပ်ပွဲတွင် အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးအောင်က ကန့်ဘလူခရိုင်တွင် သရက်စိုက်ပျိုးဧက ၃၀၅၂ ဧကရှိသည့်အနက် ယခု သရက် GAP အသိအ မှတ်ပြုလက်မှတ်ရ ၁၃၄၁ ဒသမ ၀၉ ဧကနှင့် နဂါးမောက် ၈ ဒသမ ၇၉ ဧကတို့အား စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများအတိုင်း တောင်သူ ၂၂ ဦးမှလိုက်နာဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ GAP အသိအမှတ် ပြုလက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ GAPအသိအမှတ်ပြုလက်မှတ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့် တို့ကပေးအပ်ရာ သရက်နှင့်နဂါးမောက် စိုက်ပျိုးသူတောင်သူများက လက်ခံရယူကြသည်။ ထို့နောက် GAP အသိအမှတ်ပြုလက်မှတ်ရ တောင်သူများကိုယ်စား သရက်စိုက်ပျိုးသူတောင်သူ ဦးဌေးကို(လင်းရောင်ဝင်း)က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)