စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကဏ္ဍတွင် ပါဝင်သော နွေစပါးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်ဆွေးနွေး

ဖြူး မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကဏ္ဍတွင် ပါဝင်သော နွေစပါးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယနေ့နံနက် (၉)နာရီက ဖြူးအရှေ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်က မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့မှ တောင်သူဦးကြီးများနှင့် လာရောက်တွေ့ရခြင်းမှာ မိုးစပါး၊ဆောင်းပဲများ စိုက်ပျိုးသည့်အပြင် နွေစပါးများတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ လာမည့်နွေတွင် နွေစပါးစိုက်ပျိုးရာ၌ အခက်အခဲအခြေအနေများကို သိရှိလိုကြောင်း၊ သိရှိမှသာလျှင် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သောကြောင့် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ နွေစပါးစိုက်ပျိုးရာတွင်ရေရရှိရေးသည် အဓိကဖြစ်သောကြောင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအပြီး ဆောင်းပဲများ စိုက်ပျိုးရာတွင် နွေစပါး ဆက်လက် စိုက်ပျိုးနိုင်ရေး သက်တမ်းတိုမျိုးများ စိုက်ပျိုးရန်နှင့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားကြသည်။ အလားတူ မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့မှ သက်ဆိုင်ရာဌာနအလိုက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာဒေသတွင်  မိုးစပါးနှင့်ဆောင်းပဲသီးနှံများ ပိုမိုများပြားစွာ စိုက်ပျိုးခြင်းကြောင့်  နွေစပါးဆက်လက်စိုက်ပျိုးရန် အချိန်မမှီခြင်းများ ကြုံနေရသောကြောင့် နွေစပါးစိုက်ပျိုးမှု အားနည်းရခြင်းဖြစ်ကြောင်း တက်ရောက်လာကြသော တောင်သူများ၏ တင်ပြချက်အရသိရသည်။  အဆိုပါ လိုအပ်ချက်များအား ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်