ဖျာပုံမြို့နယ် မဟာပုညာရာမတိုက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီး တရားစခန်းရှိ ဆရာတော် သံဃာတော်များ၊ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ကုသဆောင်ရွက်

ဖျာပုံ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက်ရှိ မဟာပုညာရာမတိုက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီးရှိ ဆရာတော် သံဃာတော်များ၊ အဘိုးအဘွားများအား "သက်ရှည်ကျန်းမာနေနိုင်ရေး တိုင်းရင်းဆေးဖြင့် ပညာပေး" ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆေးကုသခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ မင်းကျောင်းဓမ္မရိပ်သာတွင် ဆောင်ရွက်ကြသည်။

ထိုသို့ တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသပေးရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာက "တိုင်းရင်းဆေးပညာဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား သက်ရှည်ကျန်းမာစွာ နေနိုင်စေရန်အတွက် ရပ်ကွက်/ကျေးရွာများသို့ အပတ်စဉ် ကွင်းဆင်း ဆေးကုသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မဟာပုညာရာမတိုက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာရှိ တရားစခန်းတွင် တရားအားထုတ်ကြသော ဆရာတော် သံဃာတော်များ၊ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းကျန်းမာမာ တရားဘာဝနာများ အားထုတ်နေနိုင်စေရန်အတွက် သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း၊ ရောဂါဝေဒနာအလိုက် လိမ်းဆေး၊ သောက်ဆေးများ ပေးခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ကုသပေးရာ ဆရာတော်၊ သံဃာတော်အပါး ( ၃၀) ဦး၊ အဘိုး(၁၅)ဦး၊ အဘွား (၄၃)ဦး၊ စုစုပေါင်း (၈၈)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း ကုသဆောင်ရွက်ပေးခဲ့ကြောင်း ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာန ခရိုင်တိုင်းရင်းဆေးဦးစီးမှုးထံမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)