သာယာဝတီ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

သာယာဝတီ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာများသို့ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း များအား ယမန်နေ့ နံနက်ပိုင်းက ကျွဲသတ်အုပ်စု၊ နွယ်ခွေကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင်  ပြင်ပမှရရှိမည့်  ဗဟုသုတစာအုပ်များကို အားလပ်ချိန်တိုင်း ဖတ်ရှုစေကာ အချိန်တိုင်းအကျိုးရှိစွာ အသုံးချတတ်စေလိုကြောင်း တိုက်တွန်းပြောကြားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်နှင့် ရေဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်တို့အား ကျောင်းသား၊ ကျောင်းသူ လူငယ်များအား မိုဘိုင်းသုံးဘီးယာဉ် ဖြင့်ပြပြီး ဂျပန်နိုင်ငံ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသည့် စက္ကူပြဇာတ်ဖြင့် ရုပ်ပုံပါ ပုံပြင်အားပြသခြင်း ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းများအား တတ်ကြွစွာဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းထားသည့် ရုပ်ပုံပါ ပုံပြင်စာအုပ် ၁၀၀ ကျော်အား ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ် ဖတ်ရှုစေကာ စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)