ပေါက်ခေါင်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ မေလ ၉ ရက်နေ့က မိုးရွာသွန်းပြီး မြေအစိုဓာတ်ရရှိသောကြောင့် ချောင်းကျိုးကျေးရွာ၊ တောင်သူဦးမောင်ကြီး၏ လယ်ယာမြေ (၅)ဧကတွင် ဆီထွက်သီးနှံ မိုးနေကြာကို စတင်ထွန်ယက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃-ခုနှစ်တွင် ဆီထွက်သီးနှံနေကြာကို လယ်၊ ယာ၊ ကိုင်းကျွန်းများတွင် (၁၀၅)ဧကခန့် စိုက်ပျိုးထားရှိရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဆီထွက်သီးနှံနေကြာစိုက်ပျိုးသည့် တောင်သူများအတွက် အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့် ဆီထွက်သီးနှံများကို တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ စုပေါင်း၍ ကျေးရွာတောင်သူများထံအရောက် နည်းပညာပေး သင်တန်း ဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်