ဒေးဒရဲမြို့နယ်တွင် မိုးစပါးအထွက်တိုးရေးနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာတိုးချဲ့ စိုက်ပျိုးရေး အသိပညာပေးဆွေးနွေး

ဒေးဒရဲ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်လှကျေးရွာအုပ်စု၊ တော်လှကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဘုရားတန်ဆောင်းတွင် မိုးစပါးအထွက်တိုးရေးနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုး‌ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေး‌ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦစီးအရာရှိ ဦးဇော်မင်းထွန်းက မိုးစပါးအထွက်တိုးရေး လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များ၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနည်းစနစ်များ၊ စိုက်ပျိုးချိန် အပင်ပြုစု စိုက်ပျိုးနည်းစနစ်များနှင့် မြေနေရာရွေးချယ် ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာ‌မြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ တော်လှကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေဒေးသူ