ဇီးကုန်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနက မွေးစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်/ကျေးရွာများ၌ ဆောင်ရွက်ပေးလျက် ရှိသည်။
မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)။ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)။ ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ)။ ဝက်သက်၊ ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေ ကာကွယ်ဆေးများ တိုက်ကျွေးပေး ခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။ ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက် ကျန်းမာရေး နယ်မြေအလိုက် ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)