သဲကုန်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာမ ပေါက်ပေါက်ရေးသားသော " စာနာအလိုက်သိစွာအတွေးအမြင်အနုပညာ " စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင့်နန္ဒာဌေးက မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကိုချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် လူငယ်များနှင့်ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ ပေါက်ပေါက်ရေးသားသော " စာနာအလိုက်သိစွာအတွေးအမြင်အနုပညာ" စာအုပ်ကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးစိုးဇော်လှိုင် (စိုးဇော်လှိုင်-ဆင်မြီးဆွဲ)မှ ရုံးလုပ်ငန်းခွင်အဆင်ပြေစေဖို့နည်းလမ်း(၁၅)သွယ်၊ ဦးဆန်းမြင့်အောင်(ဆန်းမြင့်အောင်-သဲကုန်း)မှ " ကုသိုလ်စိတ်ဖြင့် စားကြည့်ပါ "၊ ဦးသန်းစိုး(ပညာရေး)မှ " မူရင်းကောင်းမှမိတ္တူကောင်းမည်"၊ ဦးထက်ပိုင်မင်း(ကိုပိုင်-သဲကုန်း)မှ သတိချပ်ပါ ဖေ့စ်ဘွတ်ခ်ရောဂါ "စသည့်ဆောင်းပါးများကို အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြသည်။
စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို သဲကုန်းမြို့နယ်(Book Club)အဖွဲ့ဝင်စာရေးဆရာများ၊ စာငှားပရိသတ်များတက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကိုလစဉ်လဆန်း(၁၀)ရက်နေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်