လွိုင်ကော်မြို့၌ အခြေခံပညာမူလတန်းအဆင့်(Grade-5)သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လွိုင်ကော် မေ ၁၀


ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက အခြေခံပညာမူလတန်း(Grade-5) မြို့နယ်အဆင့်သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ဇော်ဦးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ မူလတန်းအဆင့် ပဉ္စမတန်း(Grade-5)၊ အလယ်တန်းအဆင့်အဌမတန်း(Grade-8)၊ အထက်တန်းအဆင့် ဧကဒသမတန်း(Grade-11)တို့ကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်ရေးအတွက် ယခုအလယ်တန်းအဆင့် အဌမတန်း(Grade-8) သင်ရိုးသစ်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှုပြုပြင်ပြောင်းလဲခြင်းနှင့်အတူ အတန်းတက်ရောက်မှုအား နှစ်ဆုံးစစ်စာမေးပွဲတစ်ခုတည်းဖြင့်သာ ဆုံးဖြတ်ခြင်းအစား ပညာသင်နှစ်အတွင်း အကဲဖြတ်စစ်ဆေးခြင်း (၄)ကြိမ်ဖြင့် (Grading-A. B. C. D)စနစ်ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးများအတွက် အရည်အသွေးအာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် မြို့နယ်အဆင့် (Grade-5)သင်ရိုးသစ်နည်းပြသင်တန်းကို တက်ရောက်လာရောက်ကြသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်ရိုးညွှန်းတမ်းများပိုင်နိုင်စေရန် သင်တန်းကာလအတွင်း ကြိုးစားလေ့လာဆည်းပူးဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၂ ခုနှစ်   လွိုင်ကော်မြို့နယ် အခြေခံပညာမူလတန်း(Grade-5) သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းအား မေလ ၁၀ ရက်နေ့မှ ၁၃ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ  (၄၄၈)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)