မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် တူးဖော်ပေး

ဝါးခယ်မ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် တူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက မင်းပိုင်းရပ်ကွက် မြူရုံးလမ်းထိပ်၌ ပြုလုပ်လျက်ရှိသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်များရှိ အဓိက ရေထွက်ပေါက်များ၊ ရေနုတ်မြောင်းများကို မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် အမှိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“ရပ်ကွက်တွေမှာရှိတဲ့ အဓိကရေထွက်ပေါက်တွေ၊ ဆက်သွယ်တဲ့ ရေနှုတ်မြောင်းလေးတွေကအစ ကျွန်တော်တို့အနေနဲ့ တူဖော်ခြင်းလုပ်ငန်းတွေကို ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ။ ဒါမှလဲ ရေကြီးရေလျှံမှု သက်သာမယ်၊ မြို့သန့်ရှင်းသာယာစေရေးအတွက်လဲ ကောင်းမွန်မယ်၊ ဒီလို ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ မိုးတွင်းကာလ ဖြစ်ပွားတတ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါစတဲ့ရောဂါဖြစ်ပွားမှု လျော့ချပေးနိုင်မှာဖြစ်တယ်၊ လူအင်အား၊ စက်အင်အားတွေနဲ့ မိုးမကျမှီ အပြီးသတ် ဆောက်ရွက်သွားမှာပါ” ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးက ပြောသည်။

လွှမ်းသီဟ (ပြန်/ဆက်)