လွိုင်ကော်မြို့စာဖြေဌာန၌ ပါဠိပထမပြန်စာမေးပွဲ အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ် ဆက်လက်ဖြေဆို

လွိုင်ကော် မေ ၁၀

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ  အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ် ဖြေဆိုခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ပါဠိပထမပြန်စာမေးပွဲ  အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ် ဝင်ရောက်ဖြေဆိုရန် လွိုင်ကော်စာဖြေဌာနမှ ပထမကြီးတန်း (အဘိဓမ္မတ္ထသင်္ဂဟ) ဘာသာရပ်တွင် သံဃာတော် ၂၆ ပါး စာရင်းပေးသွင်းထားပြီး ၂၀ ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ ပထမလတ်တန်း(အဘိဓမ္မတ္ထသင်္ဂဟ)ဘာသာရပ်တွင် သံဃာတော် ၅၁ ပါး စာရင်းပေးသွင်းထားပြီး ၃၇ ပါး ဝင်ရောက် ဖြေဆိုကြောင်း၊ ပထမငယ်တန်း (အဘိဓမ္မတ္ထသင်္ဂဟ)ဘာသာရပ်တွင် သံဃာတော် ၉၆ပါး စာရင်းပေးသွင်းထားပြီး ၇၁ ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ အခြေပြုမူလတန်း (အဘိဓမ္မတ္ထသင်္ဂဟ) ဘာသာရပ်တွင် သံဃာတော် ၉၂ ပါး စာရင်းပေးသွင်းထားပြီး ၆၀ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ယမန်နေ့တွင် ဘာသာရပ်အလိုက် ဖြေဆိုရန် သံဃာတော်စုစုပေါင်း ၂၆၅ ပါး စာရင်း ပေးသွင်းထားပြီး ၁၈၈ ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။

စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆရာတော်များ၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက စာဖြေကာလအတွင်းနေ့စဉ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့မှ စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား နေ့စဉ်ဆွမ်းဆက်ကပ် လှူဒါန်းပေးလျက်ရှိပြီး မြို့နယ် ကျန်းမာရေးဌာန အနေဖြင့်လည်း စာဖြေသံဃာတော်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ကိုဇင်(လွိုင်ကော်)