မယ်စဲ့ မေ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက် လာမှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း (အိုမီခရွန်)နှင့်ပတ်သက်၍ အလွန်စိုးရိမ်ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ အလှည့်ကျရရှိလာသည့်ကာကွယ်ဆေးမပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းအပါအဝင် ရိုးရှင်းသည့် အခြေခံကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ကိုယ်စီဆက်လက်လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)