မင်းဘူးမြို့တွင် ကြက်သွန်နီဈေး အတက်ဘက်သို့ဦးတည်လာပြီး လှိုင်လှိုင်ရောင်းချနေရ

မင်းဘူး    မေ   ၉

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေး အတက်ဘက်သို့ ဦးတည်လာပြီး လှိုင်လှိုင်  ရောင်းချနေရကြောင်း  မင်းဘူးမြို့ ကြက်သွန်နီ ပွဲစားများထံမှ သိရသည်။

" ကျွန်တော်တို့ မင်းဘူးပွဲရုံကို လာရောင်းတဲ့ တောင်သူတွေဆိုယခင်က ကြက်သွန်နီ တစ်ပိဿာကျပ် ၁၅၀/၂၀၀ ဝန်းကျင်ရောင်းရပေမဲ့ ယခု ကြက်သွန်နီဈေး ပြန်တက်လာပြီး တစ်ပိဿာကို လက်လီဈေး ၇၀၀/၈၀၀ နဲ့ပွဲရုံဝယ်ဈေး ၅၀၀/၆၀၀ ကျပ်ဆိုတော့ တောင်သူတွေ အနေနဲ့ အဆင်ပြေလာတာပေါ့ဗျာ '' ဟု ကြက်သွန်နီအဝယ်တော် ဦးထွန်းကပြောသည်။ လက်ရှိကြက်သွန်နီ ဈေးကွက်မှာ တောင်သူတွေထဲက နောက်မှပေါ်တဲ့ စိုက်ခင်းများနဲ့ လှောင်ထားတဲ့ တောင်သူများသာ ရောင်းချကြတဲ့အတွက် ကြက်သွန်နီများ ရှားပါးချိန် ရောက်လာသည်ဟု ဆိုနိုင်သည်။

မင်းဘူးမြို့ ကြက်သွန်နီ ဈေးကွက်မှာ ငွေဖလားရှယ်ကြီး လက်လီတစ်ပိဿာ  ၈၀၀ ကျပ်နဲ့ လက်ကား တစ်ပိဿာ  ၆၀၀ ကျပ်သာ ရောင်းရပါတယ်။ အရင်နှစ်က ကြက်သွန်နီဈေး တစ်ပိဿာကို ကျပ် ၁၇၀၀/ ၁၈၀၀ ဈေးအထိရှိခဲ့ပြီး ကုန်စည်စီးဆင်းမှု လှိုင်လှိုင် မရှိတော့သည့်အပြင် ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာ ကျဆင်းနေသည့်အတွက် ပုံမှန်ဈေးအောက် ရောက်နေသည့် ပမာဏထက် များစွာ လျော့နည်း နေကြောင်းလည်း ကြက်သွန်လုပ်ငန်းရှင်များက ဆိုကြသည်။ ယခု ဧပြီ၊ မေလများတွင် ကြက်သွန်နီဈေး ပြန်တက်လာပြီး  ပွဲရုံဈေး ၅၀၀/၆၀၀ ဖြင့် လှိုင်လှိုင်ရောင်းချနေရကြောင်း ကြက်သွန်လုပ်ငန်းရှင် ဦးသာပေါက ပြောသည်။

ကြက်သွန်နီဈေး ပြန်တက်လာသော်လည်း မင်းဘူးမြို့ရှိ ပွဲရုံများသို့ ကြက်သွန်နီကားများ ပုံမှန် ဝင်ရောက် လျက်ရှိကာ တစ်နေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၆၀၀၀၀ ခန့်ပုံမှန် လာရောက် ရောင်းချလျက်ရှိကြောင်း အမှတ် ( ၄ ) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ပြောက ပြောသည်။

ဇေယျာထက်(မင်းဘူး)