ပွင့်ဖြူမြို့နယ်တွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ   မေ  ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ  တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာ၌ စနစ်တကျ လုပ်ကိုင်တတ်စေရန်နှင့် တိရစ္ဆာန်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မင်းဘူးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်မင်းက  ပွင့်ဖြူမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးခဲ့သည့် သင်ခန်းစာများကို လက်တွေ့ အကျိုး ရှိစွာ အသုံးချပြီး စနစ်တကျ လုပ်ကိုင်သွားကြ စေလိုကြောင်း၊  တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့် မိမိတို့ရပ်ရွာရှိ ဒေသခံတောင်သူများကိုလည်း လက်ဆင့်ကမ်း မျှဝေသင်ကြားပေး စေလိုကြောင်းနှင့် မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အခက်အခဲရှိပါက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ချိတ်ဆက်၍ အကူအညီရယူ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တက်ရောက်သင်ကြားခဲ့သည့် သင်တန်းသား ၂၀ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအက်ချီးမြှင့်ခဲ့ရာ သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

အဆိုပါ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)မှ သင်တန်းသား ၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းတွင် ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ်၊ သိုး စသည့် အခြေခံတိရစ္ဆာန်မွေးမြူရေးဆိုင်ရာနည်းစနစ်များ၊ ရာသီအလိုက် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါ လက္ခဏာများနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ် ရမည့်နည်းလမ်းများ၊ ဆေးဝါးကုသမှုဆိုင်ရာ နည်းပညာများကို  (၅)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ် ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ