လွိုင်ကော် မေ ၈
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ ပါဠိပထမပြန်စာမေးပွဲများဖြစ်သည့် ပထမကြီးတန်း ဘာသာရပ်တွင် သံဃာတော် ၂၆ ပါး စာရင်းပေးသွင်းထားပြီး ၂၀ ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ ပထမလတ်တန်းဘာသာရပ်တွင် သံဃာတော် ၅၁ ပါး စာရင်းပေးသွင်းထားပြီး ၃၈ ပါးဝင်ရောက် ဖြေဆိုကြောင်း၊ ပထမငယ်ဘာသာရပ်တွင် သံဃာတော် ၉၆ ပါး စာရင်းပေးသွင်းထားပြီး ၇၁ ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ အခြေပြုမူလတန်း ဘာသာရပ်တွင် သံဃာတော် ၉၂ ပါး စာရင်း ပေးသွင်းထားပြီး ၆၀ ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ယနေ့တွင် ဘာသာရပ်အလိုက် ဖြေဆိုရန် သံဃာတော်စုစုပေါင်း ၂၆၅ ပါး စာရင်းပေးသွင်းထားပြီး ၁၈၉ ပါး ဝင်ရောက် ဖြေဆိုခဲ့သည်။
စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆရာတော်များ၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက စာဖြေကာလအတွင်းနေ့စဉ် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့မှ စာမေးပွဲကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား နေ့စဉ်ဆက်ကပ် လှူဒါန်းပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဌာန အနေဖြင့်လည်း စာဖြေသံဃာတော်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကိုဇင်(လွိုင်ကော်)