လွိုင်ကော် မေ ၈
ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့နှင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုး တော်ဆောင်များ စုပေါင်း၍ ကျောင်းအဆောက်အဦ ပြင်ဆင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ၊ ကျောင်း အဆောက်အဦ ဥပဓိရုပ်ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင် ခန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများအားလုံးတွင် မေလ ၂၆ ရက်နေ့မှ စတင်ကျောင်းအပ်နှံနိုင်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်း ပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ခန်း များနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိနိုင်ရေးတို့အတွက် ဆရာ၊ ဆရာမများက သက်ဆိုင်သည့်ဌာနများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်၊ ဆရာ၊ ဆရာမများက သင်ကြားရေးနှင့်သက်ဆိုင်သော ပညာရပ်များကိုလည်း ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)