ဂန့်ဂေါနှင့် ကျောမြို့တို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာမှုရှိမရှိ စစ်ဆေး

ဂန့်ဂေါ စက်တင်ဘာ ၃

နေအိမ်ပြင်ပသို့ ထွက်ခွါသွားလာကြသူများအား နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာကြရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီက ပြည်သူများထံ ပန်ကြား ထားရာ အဆိုပါပန်ကြားချက်အား လိုက်နာမှုရှိမရှိ ယမန်နေ့ညနေပိုင်းက ဂန့်ဂေါမြို့ မြောက်ကုန်း ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မြစ်သာမြစ်ရှောင်လမ်းထိပ် နေရာတွင်လည်းကောင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ မြို့မလမ်း တွင်လည်းကောင်း တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးကြရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့် ကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ခရီးသွားများ၊ မော်တော်ယာဉ်များတို့တွင် စစ်ဆေးကြကာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများအား စနစ်တကျလက်ဆေးစေခြင်း၊ နှာခေါင်းစည်း ၂ ခုလျင် ၂၀၀၀ ကျပ် နှုန်းဖြင့် ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်စေခြင်းတို့အပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

တောင်သားမောင်သန်း