စစ်ကိုင်း မေ ၄
စစ်ကိုင်းခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှမတ်လ)အထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
တာဝန်ပေးအပ်ပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းခရိုင်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေ၊ စစ်ကိုင်းတိုင်း ဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေတို့ဖြင့် ပြဌာန်းပြီး ဒေသန္တရစီမံကိန်းတွင် ပါဝင်သည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများကို စီမံကိန်းဥပဒေများအရ လျာထားသက်မှတ်ချက် များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူးက ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ဌာနဆိုင်ရာများအား ဒေသန္တရ စီမံကိန်း တာဝန်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်