စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ လှူဖွယ်များလှူဒါန်း

မုံရွာ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် စာမေးပွဲကြီးကြပ် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ အထူးကြီးကြပ် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေရဟန်းသာမဏေ၊ သီလရှင်ဆရာများအား အလှူတော်ငွေ ဆက်ကပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဝန်ထမ်းများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ မုံရွာမြို့၊ ဓမ္မာပါရဂူကျောင်းတိုက် ပဓာနနာယက၊ အဘိ ဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလံ ယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ထံတော်မှ ပရိတ်တရားတော်များ နာယူ ကြည်ညိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နာယကဆရာတော်ကြီးများထံ  လှူဖွယ်ပစ္စည်းများနှင့် ဝတ္တု ငွေများအား ဆက်ကပ် လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ် သြဝါဒါစရိယ ဆရာတော်ကြီး ၂၀ ပါးတို့အား တစ်ပါးလျှင်-၃ သောင်းကျပ်နှင့် စာဖြေ ရဟန်းသာမဏေ၊ သီလရှင်-၁၃၃ ပါးတို့အား တစ်ပါးလျှင်-၂သောင်း ကျပ်နှုန်းဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း-၃၅၆၀၀၀၀ (သုံးဆယ်ငါးသိန်းခြောက်သောင်း)တို့အား တိုင်းဒေသကြီး သာသနာရေးမှူးထံ လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စာမေးပွဲကြီးကြပ် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် စာဖြေရဟန်းသာမဏေ၊ သီလရှင်များထံ အလှူငွေများ လက်ရောက် အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမာနိတ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ဓမ္မာစရိယစာမေးပွဲတွင် -၃၅၁၀ ပါး၊ ပထမကြီး စာမေးပွဲတွင် ၉၃၅ ပါး၊ ပထမလတ်စာမေးပွဲတွင် ၉၄၀ ပါး၊ ပထမငယ် စာမေးပွဲတွင် ၁၄၂၄ ပါး၊ အခြေပြု မူစာမေးပွဲတွင် ၂၂၄၃ ပါး၊ စုစုပေါင်း စာဖြေသံဃာတော် ၉၀၅၂ ပါး  ဝင်ရောက် ဖြေဆိုတော်မူကြကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မေလ (၄)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံတို့အား ကျောင်းတိုက်များ အရောက် သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ၊ မူလတောရကျောင်းတိုက်တွင် ပုညမိဉ္စူကျောင်းတိုက်၊ လယ်တီတိုက်သစ်ကျောင်းတိုက်၊ ဓါတ်ပေါင်းစေတီကျောင်းတိုက်နှင့် မဟာဗောဓိရာမ ကျောင်းတိုက်များရှိ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံတို့အား အသီးသီး ဆက်ကပ် လှူဒါန်း ခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြိးချုပ်နှင့် တာဝန်ရှိသူများသည် အောင်ချမ်းသာရပ်ကွက်ရှိ သဲအင်းဂူ ကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး သဲအင်းဂူကျောင်းတိုက်၊ ပညာရောင်ခြည်ကျောင်းတိုက်၊ ရွာဦးကျောင်းတိုက်၊ စံပြအောင်မြေကျောင်းတိုက်နှင့် ချမ်းမြရန်အောင် ကျောင်းတိုက်များမှ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံတို့အား အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)