ကျုံပျော် မေ ၄
ပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အခြေခံကွန်ပျူတာ အခမဲ့သင်တန်းကို အဆိုပါရုံးသင်တန်း ခန်းမ၌ မေ ၃ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းဆရာနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက သင်တန်းဖွင့်အမှာစကား ပြောကြားကာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလိန်းကွီးက ဌာန၏ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနေမှုနှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး တက်ရောက်ခဲ့ပြီး၊ (၃-၅-၂၀၂၂) ရက်နေ့မှ (၁-၆-၂၀၂၂)ရက်နေ့အထိ၊ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ၊ ရက်(၃၀)ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများစွာကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)