ကသာမြို့၌ နိုင်ငံတော်အစိုးရမှ အမျိုးသမီးများအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ပေးမှုများ သိရှိစေရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်

ကသာ မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအနေဖြင့် နိုင်ငံတော် အစိုးရမှ အမျိုးသမီးများအတွက် ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေမှု အခြေအနေများကို သိရှိ နားလည်စေရန် ရည်ရွယ်၍ မေလ(၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် “အမျိုးသမီး ကဏ္ဍ” အသိပညာပေး Talk Show ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Showကို ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်တို့က အသိပညာ ပေးဆွေးနွေးခဲ့သည်။

“အမျိုးသမီးကဏ္ဍ” အသိပညာပေး Talk Showတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ ဘဝတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်မားရေးနှင့် ဝင်ငွေပိုမိုရရှိရေးရည်ရွယ်ချက်များဖြင့် ဆောင်ရွက် ပေးနေမှုများ၊ ကလေးများဖွံ့ဖြိုးတိုးတက်ရေးနှင့် မိဘများ ဝင်ငွေရရှိစေရန် ဆောင်ရွက်သည့် မိခင်ဝိုင်း ဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလ အတွင်း ထိခိုက်ရှလွယ်ဖြစ်နိုင်သည့် အုပ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ စသည့်အကြောင်းအရာ များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများအား အသိပညာပေး Talk Show များကို Online မှတစ်ဆင့် လစဉ်လွှင့်တင်ဆောင်ရွက်လျက်ရှိသည်။

နေခ (ပြန်/ဆက်)