ပွင့်ဖြူမြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ မေ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်တိုက်ကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်များ အစိုးရ ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆို ကျင်းပမည့် နေရာအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိရေး၊ စာမေးပွဲဖြေဆိုသည့်နေ့အလိုက် စာဖြေသံဃာများအတွက် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အချိုရည်နှင့် မုန့်များ ဆက်ကပ်လှူဒါန်းခြင်းတို့အတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက် ကျောင်းအသီးသီးမှ စာဖြေသံဃာများ အစိုးရပါဠိပထမပြန်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ စာဖြေသံဃာစာရင်းအနေဖြင့် ပထမကြီးတန်း ၁၁ ပါး၊ ပထမလတ်တန်း ၁၃ ပါး၊ ပထမငယ်တန်း ၁၃ ပါး၊ အခြေပြုမူလတန်း ၂၄ ပါး၊ စုစုပေါင်း စာဖြေသံဃာဦးရေ ၆၁ ပါး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)