အောင်လံ မေ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချူပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်(၈)နာရီက ကျော်စွာဓာတ်မြေဩဇာစက်ရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု ဒုရင်္ဂဗိုလ်မြစ်ရေတင် စီမံကိန်းရေသောက် ဧရိယာအတွင်း ခရိုင်အဆင့် နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးသည့် (၅)ဧက စံပြစိုက်ခင်း၊ နွေစပါးဧက (၁၀၀)အထူးဇုံအတွင်း တောင်သူ ဦးထွန်းထွန်းနှင့် ဦးမြင့်ဇော်တို့၏ ရတနာတိုး စပါးမျိုး(၅)ဧကအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားမှု အခြေအနေများကို ကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ တင်ပြတောင်းခံမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည် ကျေးရွာအုပ်စု (ပြည်-မကွေး) ကားလမ်းမကြီးဘေးတွင် တည်ဆောက်နေသည့် သီတဂူဝိပဿနာတက္ကသိုလ် ဆောက်လုပ်နေမှုအတွက် အလှူငွေ ကျပ်သိန်း (၁၅၀)အား မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ရခိုင်ကျောင်းတိုက် ဆရာတော်သီတဂူဇောတိက ဆက်ကပ် လှူဒါန်းပြီး သရက်-အောင်လံ ဧရာဝတီတံတား တည်ဆောက်နေမှုအား တံတားဦးစီးဌာနမှ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားကာ တံတားတည်ဆောက်နေမှုအား ဇက်ရေယာဉ်ဖြင့် ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)