ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မားရေး ဆွေးနွေးပွဲဆောင်ရွက်

ရေတာရှည် မေ   ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မား​ရေးဆွေးနွေးပွဲကို  ဌာနဆိုင်ရာတာဝန်ရှိသူများက​ ယမန်နေ့နံနက်ပိုင်းတွင် ကြံသနွယ်ကျေးရွာအုပ်စု ကြံသနွယ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များအား  ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်း​ဇော်က စိုက်ပျိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးက တိရစ္ဆာန်များအစာအဖြစ် ကျွေးမွေးနိုင်သည့် နေဗီယာမြက်များ စိုက်ပျိုးနိုင်ရေးအကြောင်း အရာများနှင့် မွေးမြူရေးကိစ္စရပ်များကိုလည်းကောင်း၊ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရေတာရှည်(ပြန်/ဆက်)