ဝါးခယ်မမြို့နယ်တွင် စားသုံးဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ဆွေးနွေးပွဲကျင်းပ

ဝါးခယ်မ  မေ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် စားသုံးဆီ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ဆွေး‌နွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် မြို့မဈေးတာဝန်ခံရုံး၌ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့် ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားသုံးဆီများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံး‌သူရေးရာဦးစီးဌာနမှ သိုလှောင်ဖြန်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်‌ကော်မတီဖွဲ့စည်းကာ  ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး၊ စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချနိုင်ရေး၊ ဝယ်ယူစားသုံးနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ကားဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်း အမြက်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းနှင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးထံမှ သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)