အိမ်မဲ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က မြို့နယ်အတွင် နွေစပါး စိုက်ပျိုးရေးလုပ်ငန်း၊ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း၊ နေကြာသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း နေကြာသီးနှံစိုက်ပျိုးခြင်းကို (၃၂၆၂)ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား တာဝန်ပေးအပ်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း၊ ယခုအခါ အိမ်မဲမြို့နယ်အတွင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ ၉၀.၄၈ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းနှင့် လျှပ်စစ်မီးသုံးစွဲရာ၌ ကြာမြင့်နေပြီဖြစ်သော ကြိုးဟောင်းများကို အသစ်လဲလှယ်ပြီး တပ်ဆင်ဖို့လိုကြောင်း မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က မြို့နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)