ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် အမိုးလန်ပြိုကျ ပျက်စီးသွားသော စာသင်ကျောင်းဆောင်နှင့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

ပန်းတနော် မေ ၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မေလ ၂ ရက် ည ၆ နာရီခွဲအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် အမိုးလန်ပြိုကျပျက်စီးသွားသော စာသင်ကျောင်းနှင့် လူနေအိမ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များသည် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပြိုကျ ပျက်စီးသွားသော ဘဝိုင်းကျေးရွာ အုပ်စု လှည်းဆိပ်ကျေးရွာရှိ မူလတန်းလွန်ကျောင်းသို့ ရောက်ရှိကာ အဆိုပါ ပြိုကျပျက်စီးသွားသည့် ဝါးကျောင်းဆောင်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကြည့်ရှုစစ်ဆေးကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် တွက်ချက်တင်ပြရန် မှာကြားခဲ့ပြီး လေဘေးကြောင့် ပြိုကျပျက်စီးသွားသော လူနေအိမ် (၁၅)လုံး အတွက် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ တစ်ပုံးစီ၊ အမိုလန် ပျက်စီးသွားသော လူနေအိမ် (၄၅)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်သုံးသောင်းနှုန်း စီဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)