သာယာဝတီ မေ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ မြောက်ပန်းဆွဲအုပ်စု၊ ရွာသစ်ကျေးရွာရှိ AE ဦးစိန်ကြည်၏ လယ်မြေတွင် မြေဆီလွှာများဖွံဖြိုး တိုးတက် စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းများကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက တောင်သူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ကြဲပက်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်များ ဖြစ်သည့် မြေဆီလွှာများ ဖွံဖြိုးတိုးတက်ရေးအတွက် မြေပြုပြင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ တောင်သူ များနှင့် တက်ရောက်လာကြသူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သစ်စိမ်းမြေသြဇာအား AE ဦးစိန်ကြည်၏ လယ်မြေတွင် ပိုက်ဆံလျှော်မျိုးစေ့များကို စုပေါင်း ကြဲပက်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဥမ္မာဟန်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သန့်ဇော် (သာယာဝတီ)