မိုးညို မေ ၄
၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ ဝေဇယန္တာ ပရိယတ္တိစာသင်တိုက်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မိုးညိုမြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးသက်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးညွန့်ဝေသန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝေဇယန္တာပရိယတ္တိ စာသင်တိုက်အတွင်း တည်ထား ကိုးကွယ်သော အဘယသုခစေတီတော်မြတ်ကြီးအား ရေသပ္ပာယ်ခြင်း၊ စာသင်တိုက် အတွင်းအပြင်ရှိ ပေါင်း/ မြက်/ အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ခြင်း၊ စိုက်ပျိုးထားသော ပန်းအလှပင်များအား ရေလောင်းခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း