ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေး အသိပညာပေး (Talk Show)ပွဲ အစီအစဉ်ကျင်းပ

ပခုက္ကူ  မေ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေး အသိပညာပေး(Talk Show)ပွဲအစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။                        

ပထမဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show  ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားပြီး ဥတ္တရခရိုင်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ပွင့်ဖြူစင်သက်က ကလေးအလုပ်သမားနှင့် စပ်လျဉ်းသည့် နိုင်ငံတကာစံနှုန်းနှင့် သတ်မှတ်ချက်များ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အဆိုပါလုပ်ငန်း ကော်မတီ(၈)ရပ်၏ လုပ်ငန်း စီမံချက်ပါ ဆောင်ရွက်မည့် အခြေအနေများ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေခြင်း၏ ရည်ရွယ်ချက်များ စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း၌ ပြည်သူများ အသိပညာပေး ဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show အစီအစဉ်များကို Online မှတစ်ဆင့် လစဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ  Talk Show အစီအစဉ်များအား ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်    Facebook page တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူပေါင်းကာ ကလေးသူငယ် အလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်ခန့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့မရဲစခန်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များကို မြို့မရဲစခမ်းရှေ့၊ ယာယီစျေးနှင့် လူစီကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အချိန်မှာ ကလေးများအား ကလေး အလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြရန်၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ် သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သန့်ချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများ၊ ကဗျာများ၊ ဆောင်ပုဒ်များ  စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)