ဓနုဖြူ၌ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျခြင်းများ ဖြစ်ပွား

ဓနုဖြူ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ နံနက်(၇)နာရီ ခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၇)အုပ်စုအတွင်းရှိ ကျေးရွာ(၁၅)ရွာတွင် နေအိမ်၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။

ဓနုဖြူမြို့နယ်အတွင်းရှိ ဗျင်းဘွဲ့ကျေးရွာအုပ်စု၊ ဗျင်းဘွဲ့ကျေးရွာနှင့် အစွန်ကျေးရွာတို့တွင် နေအိမ် (၆၇)လုံးအမိုးလန်ခြင်း၊ (၁၇)လုံးပြိုကျပြီး စာသင်ကျောင်း(၁)ကျောင်း အမိုးလန်ခြင်း၊ ဖုန်းဆိုးတောင် ကျေးရွာအုပ်စု၊ တောင်ဇီးကျေးရွာ၊ ယင်းကဒစ်ကျေးရွာ၊ သံလွင်ငူကျေးရွာ၊ ဂရက်ဂလိုင်ကျေးရွာ၊ ကျုံကောက်ကျေးရွာတို့တွင် နေအိမ်(၁၆၃)လုံး အမိုးလန်ပြီး (၁၉)လုံး ပြိုကျခြင်း၊ သပြေရိုးကျေးရွာအုပ်စု၊ သပြေရိုးကျေးရွာ၊ သဲကုန်းကျေးရွာတိုတွင် နေအိမ်(၁၈)လုံး အမိုးလန်ပြီး (၄)လုံးပြိုကျခြင်း၊ စခန်းကြီး ကျေးရွာအုပ်စု၊ တော်ဖျားကျေးရွာ၊ ကြပ်ရိုးကျေးရွာ တို့တွင် နေအိမ်(၂၇)လုံး အမိုးလန်ပြီး (၃)လုံးပြိုကျခြင်း၊ တမြာကျေးရွာအုပ်စု၊ တမြာ ကျေးရွာတွင် နေအိမ်(၁)လုံးပြိုကျခြင်း၊ အကျော်ကျေးရွာအုပ်စု၊ အကျော်ကျေးရွာတွင် နေအိမ်(၁)လုံး အမိုးလန်ပြီး (၁)လုံးပြိုကျခြင်း၊ ကျုံတနော်အနောက်ကျေးရွာအုပ်စု၊ ကျုံတနော် အနောက်ကျေးရွာ၊ လိပ်ချောင်းကျေးရွာတို့တွင် နေအိမ်(၄)လုံး အမိုးလန်ပြီး (၁)လုံးပြိုကျ၍ စုစုပေါင်းနေအိမ်(၂၈၀)လုံး၊ စာသင်ကျောင်း(၁)ကျောင်း အမိုးလန်ပြီး နေအိမ် (၄၆)လုံး ပြိုကျခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ထိခိုက်မိသားစုများမှာ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)