ဖြူးမြို့နယ် ဖြူးချောင်းယာယီရေ ပိတ်စီမံကိန်းဖြင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဖြူး မေ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဖြူးချောင်းအားယာယီရေ ပိတ်စီမံကိန်းဖြင့် နွေစပါးတိုးချဲ့ စိုက်ပျိုးသွားနိုင်ရေးအတွက်  ယနေ့ နံနက်ပိုင်းက  အုတ်ဖြတ်ကျေးရွာအုပ်စု၊ ရင်းတိုက်စိန်ကျေးရွာနှင့် ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာရှိ တောင်သူများအား မြို့နယ် အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့မှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တောင်သူများနှင့် တွေ့ဆုံရာတွင်  ဖြူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက မိုးစပါးနှင့် ဆောင်းပဲများ အများဆုံးစိုက်ပျိုးကြတာတွေ့ရပြီး နွေရာသီတွင်လည်း စိုက်ကွက်များ လှပ်ထားခြင်းမပြုပဲ နွေစပါးများစိုက်ပျိုးနိုင်ရန် ရေရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရေသွင်းမြောင်း ရေနှုတ်မြောင်းများ ဆောင်ရွက်သွားနိုင်ရေး တောင်သူ ဦးကြီးများအနေဖြင့် အကြုံပြု ပေးကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ နွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးဆောင်ရွက်ရာတွင် လိုအပ်သည့်ရေမြောင်း ပြန်လည်ပြုပြင်ရေး ဖော်ထုတ်နိုင်ရေးအတွက် ကျေးရွာဒေသ အခြေအနေများကို ညှိနှိုင်းဆွေးနွေးပြီး ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက စပါးနှင့်အခြား မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးရာတွင် တစ်သီးစားမှ နှစ်သီးစား၊ နှစ်သီးစားမှ သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ထိုမှတဆင့် သီးထပ် သီးညှပ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်း စနစ်များနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲပုံကိုလည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးရာတွင် ဌာနအနေဖြင့် ဆောင်ရွက် ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ ဖြူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသတိုင်းရင်းကြက်မွေးမြူရေးနှင့် နေဗီယာ မြက်မွေးရာတွင် အကျိုးရှိပုံများကိုလည်းကောင်း ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် နွေစပါးစိုက်ဧက တစ်သောင်းကျော်ရှိပြီး စိုက်ဧကတိုးမြှင့်စိုက်ပျိုးနိုင်ရေး ဖြူးချောင်းအား ယာယီရေပိတ်စီမံကိန်းဖြင့် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)