လွိုင်ကော် မေ ၂
၂၀၂၂ ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က လွိုင်ကော်မြို့ဈေးပိုင်း ရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ် ရင်ပြင်တော်နှင့် စေတီပရဝုဏ်အတွင်းတွင် လူထုအကျိုးပြုလုပ်ငန်းများကိုမီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် မီးသတ်ဦးစီးဌာနမှ ပြည်နယ်မှူးဦးမြကြိုင်၊ ဒုပြည်နယ်မှူး ဦးခင်မောင်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် မိသားစုများက ဆုတောင်းပြည့် မြို့နာမ်စေတီတော် မြတ်ရင်ပြင်တော်နှင့် စေတီပရဝုဏ်အတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ဘုရား ရေသပ္ပါယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကယားပြည်နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ ဂုဏ်ပြုဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လွိုင်ကော်တပ်မတော် စစ်ဆေးရုံတွင် တပ်ဖွဲ့ဝင်များမှ သွေးလှူဒါန်းခြင်းကိုလည်း ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုဇင်(လွိုင်ကော်)