တောင်ငူ ဧပြီ ၂၉
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ခရိုင်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ တစ်လကြာဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း ပြီးမြောက်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကာယ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သင်တန်းမှ ပို့ချသည့်ပညာရပ်များကို ဆက်လက်အသုံးချတတ်စေလိုကြောင်း၊ သို့မှသာ နောင်တစ်ချိန် အနာဂတ်တွင် တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်နိုင်မည့် ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသားကောင်း သမီးကောင်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ကိုယ်နိုင်ငံကိုယ့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာ များကို ဆက်လက်လေ့လာဆည်းပူး ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးဦးထွန်းထွန်းဝင်းက သင်တန်းတတ်ရောက်ခဲ့သည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ယူပြီးမြောက်ခဲ့သည့် ပညာရပ်များကို ဆက်လက်ကြိုးစားကာ မိမိတို့ ဘဝအကျိုး ရှိစေရေးအတွက် အသုံးချတတ်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြသည့် သင်တန်းနည်းပြများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ဂါရဝ လက်ဆောင်များ ပေးအပ်ချီးမြင့်သည်။
အဆိုပါ သင်တန်းကို လူထုအခြေခံပြုဗဟိုဌာန Community Centre ခန်းမ၌ တစ်လကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် မေလအတွင်း၌ ရှေးဦးသူနာပြုစုနည်းသင်တန်းနှင့် အေရိုးဗစ်သင်တန်းများကို ဆက်လက် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
တောင်ငူခရိုင် ပြန်/ဆက်