ပုသိမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာရွေးချယ်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဧပြီ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာရွေးချယ်ပွဲ အခမ်းအနားအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် ပုသိမ်မြို့နယ်၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးနိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ရာတွင် အခြေခံမူများအား ချပြရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းမှာ ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံငွေကျပ် သိန်း(၁၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေတစ်ရွာလျှင် ကျပ်သိန်း(၄၀)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ရွေးချယ်ရမည့် ကျေးရွာစုစုပေါင်း (၂၂)ရွာအား စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်