အိမ်ခြံဝန်းမြေကွက်လပ်အတွင်း ကွမ်းပင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုးညို ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၊ နီလာလမ်းရှိ ဦးကျော်ဌေး၏ နေအိမ်ခြံဝန်းအတွင်းရှိ မြေကွက်လပ်တွင် ကွမ်းပင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။

ကျွန်တော့်ရဲ့ နေအိမ်ခြံမြေကွက်လပ် ၁၀၀ပေ×၃၀ပေ မှာ ကွမ်းရွက်ပင် ၁၀၀၀ စိုက်ပျိုးထားပါတယ်၊ စိုက်ပျိုးတဲ့ကွမ်းအညွန့်ကိုတော့ ကွမ်းခြံစိုက်ပျိုးသူတွေထံမှ တစ်ညွန့်ကို ၆၀ ကျပ်ဖြင့် မှာယူစိုက်ပျိုး ပါတယ်၊ စိုက်ပျိုးရာမှာတော့ မြေကိုမြောင်းဘောင် ပြုလုပ်ပြီး ထုံးပက်ပါတယ်၊ ပြီးရင် သဘာဝမြေဩဇာနှင့် မြေကိုရောစပ်ပြီး ကွမ်းညွန့်တွေကို တစ်ပင်နှင့် တစ်ပင် ၆ လက် မခြား၍ တိုင်ထောင် စနစ်နဲ့ စိုက်ပျိုးပါတယ်၊ ၂ လသားအရွယ်မှာတော့ ကွမ်းပင်ရဲ့ အောက်လက်တွေကို ‌ခြွေပေးရပါတယ်၊ အဲ့ဒီနောက်မှာတော့ ရောင်းချလို့ရတဲ့ ကွမ်းရွက်တွေကို ခူးစွပ်နိုင်ပါတယ်၊ ကွမ်းရွက်ကို (၁၅)ရက် တစ်ပတ်ခူးစွပ်ပြီးရောင်းချရပါတယ်၊ ကွမ်းရွက် ၁ ပိဿာကို ပေါက်ဈေး ၄၀၀၀ ကျပ်မှ ၆၀၀၀ကျပ် အထိရောင်းချရပါတယ်၊ ယခုလို မိမိရဲ့အိမ်ခြံမြေကွက်လပ်မှာ ကွမ်းပင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ကွမ်းစိုက်ပျိုးသူထံမှ သိရသည်။

ကိုမင်း(ပြန်/ဆက်)